Monday, February 13, 2012

အာဘုတီ ဘာလို့ ပျောက်

မင်္ဂလာပါ နှစ်ထောင့်ဆယ့်နှစ် ( နှုတ်ဆက်တာ တောင် တော်တော် နောက်ကျနေပြီ )။ ဘာပဲ ပြောပြော ဒီပို့(စ) က နှစ်ထောင့်ဆယ့်နှစ်အတွက် ပထဆုံး ပို့(စ) လေးဆိုတော့ နှုတ်ခွန်းဆက်သ ရပါမည်။

ခုတလော  ဘလော့ မှ ပျောက်ခြင်းမလှ ပျောက်သွားသည် ကို ကြည့်ခြင်း အားဖြင့် မိမိ ဘယ်လောက်တောင် စာရေး ပျင်းသည်ကို အထူးတလည် ရှင်းပြနေရန်မလိုဟု ထင်မိသည်။သို့သော် ဘာပဲ ဖြစ်ဖြစ် ဘလော့ တွင် ပို့(စ) အသစ် သေးသေးလေးမှ မတင်ခြင်း အတွက် နည်းနည်း လေး မှ အကျိုးအကြောင်း ရှင်းမပြပဲ လစ်လျှူရှူ နေလို့တော့ မဖြစ်ပါ။ ငယ်ငယ် က ကျောင်း မတက်လျှင် ကျူရှင်ပျက် လျှင် ၊ ခုလဲ ရုံး မတက်ဖြစ်လျှင် ဟုတ်သည် ရှိ မဟုတ်သည်ရှိ အကြောင်းပြချက် တော့ ပေးရတာပဲ ဖြစ်သည်။

စာရေး ကလဲ ပျင်းပါသည်။ စာရေး ပျင်းလဲ ဘာလို့ ဘလော့ ရေး နေသေးလဲ လို့ မေးစရာရှိ ပါသည်။ ဘလော့ ပေါ်တွင် ပို့(စ) တင်ချင်လို့ ပါ။ ဟုတ်ပါတယ်။ စာရေး ပျင်း ပေး မယ့် စိတ်ထဲမှာ တွေး တာ လေးတွေ ကို ရေးမှတ်ထားချင်တယ်။ နေ့စွဲ လေးတွေ မှာဘာတွေ ဖြစ်ခဲ့လဲ ဘာတွေ တွေးဖြစ် လဲ တတ်နိုင်သလောက် ရေးမှတ်ထားချင် တယ်။ ဓာတ်ပုံလေးတွေ ဗီဒီယို ဖိုင်လေးတွေ စုထားချင်တယ်။ 

ဟော လာပြီ ။ ရေးမှတ်ထား ချင်တာ တွေ ရှိတယ် ဆို ရေး မှတ်ထားပါလား။ ဆိုပြန်တော့ လဲ ခုတလော မှာ ရေးစရာတွေ က များ မှတ်စရာ တွေက ကြီးမား နဲ့ တကယ် ရေးမယ် ဆိုတော့ မြန်မာစာ ရိုက် ရတာ လဲ တော်တော် ခက်ခဲပါသည်။ ဒီမှာ မြန်မာလို ရေးမယ် ဆိုရင် ဘားဂလစ်(ရှ) တက်(စ) အင်ဂျင်မှာ သွားရေးပြီး ဒီမှာ ပြန်လာ ပေ့(စ) ရပါတယ်။ မြန်မာစာ ကို စရိုက်ထဲ က အဲလို ပဲ စ ရိုက် ခဲ့တာ ပါ။ မြန်မာစာ ကီးဘုတ်တွေ သွင်း ခဲ့ တာ လဲ ဝင်းမြန်မာ လက်ကွက် ပေါ်ထဲ က ခု ဇော်ဂျီ ယူနီကုဒ် အစုံပဲ။ ဒီမှာ ဆိုလဲ အာဘုတီ ဘယ်လောက် ပျင်း လဲ သိသာဦးမယ်။ ဘယ်တော့ မှ လက်ကွက်ကို မလေ့ကျင့်ဘူး။ ကြိုးစားပြီးတောင် ရိုက်မကြည့်ဘူး။ လွယ်လွယ် ကူကူလို့ ထင်ရတာကို ပဲ ပေပြီးသုံးနေတယ်။ ဪ မုန့်လုံးကို စက္ကူကပ်နေပြီ ဟီးဟီး :D။

အင်း အခုမှ တကယ့် ရီဇင် တွေ လာတော့ မှာ ပါ။ ဩဂုတ် လ ထဲက ပျောက်သွား ရခြင်း အကြောင်း များကတော့ ..  အာဘုတီလေး အာဝါဟဝိဝါဟ ကိတ်စန တွေ နဲ့ ရှုပ်ရှပ်တွေ ခက် စိတ်တွေရှုပ် စိတ်တွေပူ။ အလုပ်တွေ ရှုပ်နေလို့ပါပဲ။ စိတ်တွေရှုပ် စိတ်တွေပူ ဖို့ အတွက်များ ဒီလောက် အပင်ပန်းခံပြီး အာဝါဟ နေသေးတယ် လို့တော့ ထင်စရာပါ။ ဟုတ်ပါတယ် စိတ်တွေရှုပ် ရုံတင်ပဲတော့ မဟုတ်ပါဘူး။ အပျော်တွေ လွန် ခရီးတွေ များနေတာလဲ ပါတာပေါ့ နော်။ စိတ်ရှုပ်တယ် ဆိုတာက လဲ ကိုယ်တွေက ပုံကြီးချဲ့ မိတာ တွေ မလိုအပ်ပဲ လုပ်မိတာတွေ လဲ ပါပါတယ်။ ထင်သလိုမဖြစ်မှာတွေ တွေးပူရတာတွေ စုံနေတာပါပဲ။ ဒါတွေ ကြောင့် ဒီတလော မှာ မှတ်ခြင်း ရေးခြင်း အလုပ်တွေ မလုပ်မိတာပါ။    ရေးစရာ မှတ်စရာတွေ က တော့ တပုံတပင် နဲ့ မှတ်တမ်းတင်ထားချင်စရာတွေကြည့်ပါပဲ။ နောက်မှ ဖြည်းဖြည်းချင်း ပြန်ပြီး မှတ်ထားပါတော့မယ် ။

ခုတော့ အရမ်းခင်ရတဲ့ ကိုယ့်မကြီးတွေ ပြောသလို ပဲ ဖုန်တက်နေတယ့် အာဘုတီ ဘလော့ လေး ဖုန်လာခါတာ ပါ။ ဟီးဟီးးD

တော်တော် ကို ဖုန်ထူနေတဲ့ ဒီဇိုင်းလေး နဲ့ ဘလော့ကို သနားလာပြီ မဖြစ်ခြေဘူး ကြိုးစားပြီး ရေးဦးမှပဲ။

ရေးချင်တာတွေ သာ စိတ်နဲ့ တွေး လိုက်တာနဲ့ အော်တို ဘလော့ ပေါ်တက်သွားရင် သိပ်ကောင်းမှာ ပဲ လို့ တွေးမိတယ် ... ပျင်းတာ ပျင်းတာ အဲလို ။းP

Thursday, August 25, 2011

ရင်ခုန်သံကို ဘာသာပြန်မည် - နှစ်


ရင်ခုန်သံကို ဘာသာပြန်မည် - တစ် ကို ဤနေရာတွင် ဖတ်ရှူနိုင်ပါသည်။


မိုးသည် နူးညံ့ သိမ်မွေ့ စွာ ကျွန်တော့ အတွက် အချစ် နှင့် အလွမ်း အား သယ်ဆောင်ပေး ခဲ့သည်။

(၁)

ဝိုင်းစက်သော မျက်လုံးတစ်စုံ၊ ညိုညက်သော အသားအရည်၊ ကျောလယ် လောက် ရှိ၍ ဖြောင့်စင်းနေသော ဆံပင်၊ နှဖူးပေါ်တွင် ဆံပင်လေးများ ချထားသည့်ကြားမှ မြင်နေရသော နက်မှောင် ဖြောင့်စင်းသော မျက်ခုံး နှင့် အပြစ်ကင်းသော ထိုကလေးမအား ကျွန်တော် ပထမဆုံး အကြိမ် သတိထားမိခဲ့သည်မှာ ကျွန်တော့ သူငယ်ချင်း  ကျော်ညီ အလုပ်လုပ်ရာ British Council တွင်ဖြစ်သည်။
ကျွန်တော် သည် မိန်းကလေး တစ်ယောက်ကို စိတ်ဝင်စားခဲသည်။ တက္ကသိုလ် ၊ လက်ဘက်ရည်ဆိုင် ၊ သင်တန်း စသည်တို့တွင် သူငယ်ချင်းများ လူစုမိ၍ တောင်ပြော မြောက်ပြော မိန်းကလေးအကြောင်းများ ပြောကြလျှင် ပင် စိတ်မပါ လက်မပါ ရှိတတ် ကြောင်း ကျော်ညီ အပါအဝင် သူငယ်ချင်း  အားလုံး  သိကြသည်။

ထိုနေ့က ကျော်ညီ အား သူ့ရုံးခန်း တွင် မတွေ့၍ လိုက်ရှာရန် သင်တန်း တံခါးများကို ကျွန်တော် လိုက်ချောင်းကြည့်စဉ် ( ပုံမှန်အား ဖြင့် British Council သည် အပြင်လူ ဝင်၍မရသော် လည်း ကျွန်တော် မှာ Library Member Card ဖြင့်ဝင်လာခြင်းဖြစ်သည်။ ) အခန်း တစ်ခု မှ မိန်းကလေး တစ်ယောက် ရုတ်တရက် တံခါး အဖွင့် နှင့် ကြုံသည်။ ထို ကလေးမ လန့်သွားကာ မျက်လုံးလေး အဝိုင်းသား နှင့် ကျွန်တော့ အား ကြည့် သည်။ ထို့နောက်
" ဦးလေး က ဘာ ချောင်း တာလဲ "
ဟု  စကားဆို သည်။ ထို ကလေးမ သည် ကျွန်တော်ထက် ငယ်လှ သုံးနှစ်လောက် ဖြစ်သည်။ ထို့ကြောင့် အနည်းငယ် ကြောင် အမ်းအမ်း ဖြစ် သွားပြီး
" လူ လာရှာ တာ "
ဟု  ပြန်ဖြေဖြစ်ရင်း ထို ကလေးမ အား ခြေစွန်းခေါင်းစွန်း ကြည့်နေမိရာ သူကလေး က
" ဘယ်သူ နဲ့ တွေ့ချင်လို့လဲ "
ဟု ဆက်မေးပြန်သည်။
" ကိုယ့် သူငယ်ချင်း ကျော်ညီ "
" ဒီ အခန်းထဲ မှာ အဲ နာမည်နဲ့ လူတော့ မရှိဘူး။"
သွက် သွက် လက်လက် ပြောဆို ဆက်ဆံနေသော ကလေးမ ၏ အသွင် သည် ရိုးရိုးလေး နှင့် ကျွန်တော့ အား စွဲဆောင် နေသည်။ ကျွန်တော် စကားစ ပြတ်သွားမည် ကို စိုးရိမ် စိတ်လေးပင် ပေါ်လာမိသည်။ သို့နှင့် စကား ဆက်ရန် ကြိုးစားသော် လည်း
" ဒါဆို............ "
စကားပင်မဆုံး လိုက် ကလေးမ လေး တံခါး ပြန်ပိတ်ကာ ဝင်သွား လေသည်။ ကျွန်တော် ထိုနေရာမှာ ပင် ကျန်ခဲ့သည်။ ခြေတစ်လှမ်း မှ ပင် မရွေ့ ရသေး ခင် အတန်း ၏ အခန်း တံခါး ပြန် ပွင့်လာသည်။ သူကလေး ပင် ဖြစ်သည်။ ဒီတစ်ခါ ကျွန်တော့ နားနား သို့ တိုး ၍ကပ် ကာ
" ဦးလေး ဘောင်းဘီ ဇစ်တပ် ဖို့ မေ့နေတယ်ထင်တယ် "
ထို စကားကြောင့် ကျွန်တော် ထူပူသွားသည်။ သွားပြီ ဟု ဆို ကာ ကိုယ့် ဟာကိုယ် ပင် ငုံ့မကြည့်ရဲ အမြန် ထွက်လာကာ အကွယ်ရောက် မှ စမ်းကြည့်တော့
" ဟင် ဒီကလေးမ ငါ့ ကို သက်သက် စ သွားတာပဲ"
ကျွန်တော့ အား သက်သက် နောက်ပြောင်သွား ခြင်း ဟု သိလိုက်ရသည်။ ထိုစဉ် နောက်မှ ကျော်ညီ ရောက်လာသည်။
" ဟိတ်ကောင် သားကြီး ဘာလုပ်နေတာလဲ? "
" မင်း ကို လိုက် ရှာနေတာ ကျော်ညီ ရ ၊ ဒါနဲ့ ငါ ဒီမှာ တတ်ချင်လို့ ဟို တစ်ခါ Test ဖြေထားတဲ့ Level က ဒီအချိန်ရှိလား? "
" ဘာဖြစ်တာလဲ ကွ မင်းဟာကလဲ ရုတ်တရက်ကြီးပါလား" "ဟို တစ်ခါ Test ဖြေပြီး တော့ ငါနဲ့ တစ်ခါတည်း လိုက်တက်ပါလား ဆိုတုန်းကတော့ အီး အဲ လုပ်နေပြီး "
ဘာကိုမှ မစဉ်းစားပဲ ကျွန်တော် စိတ်၏ ခေါ်ဆောင် ရာသို့ ကျွန်တော် လိုက်ခဲ့သည်။ အစက တော့ ဖြေပြီးတာတောင် မတက်ပဲ ယောင်ပေပေ လုပ်နေပြီး ခုမှ ထတက်ချင်နေသော ကျွန်တော့ အား ကျော်ညီ မေးခွန်းထုတ် သည်မှာလဲ မမှားပေ။ ဒါနှင့် ဖြစ်ကြောင်း ကုန်စင် ပြောပြလိုက်ရာ ပို၍သာ နားမလည် နိုင် ဖြစ်သွားတော့သည်။
" ဒီအတန်းက ကောင်မလေးနဲ့ တူတူ တက်ချင်လို့ ….....?" "မင်းဟာကလဲ ကွာ ဟုတ်မှလဲ လုပ်စမ်းပါ။ အဲကောင်မလေး တွေက င လောင်လေးတွေကွ ။ ဗရုတ်ဗရက် ကလေးတွေ။ မင်း တို့ ငါတို့ TYPE မဟုတ်ဘူးကွ။ သားကြီး ရာ မင်းဟာကလည်း ဟုတ်တော့မလိုလို နဲ့ ယောင်းမမြင်းစီး ထွက်လာပြန်ပြီ ငါဖွမှာနော် အဲဒါ မင်း သေချာမှလုပ် မသေချာလို့က တော့ မိန်းမ နားစမ်းပါ ဆိုတဲ့ ငါ့ကောင်ကြီး နာမည် ပျက်ပြီသာမှတ် ငါကတော့ ပြောပြီးသား အသေဖွမှာ ဟိတ်ကောင် "
ကျော်ညီ ကျွန်တော့ အား ကျပ်သည်။ သို့ပေမင့် မတတ်နိုင်။ သေချာသည် မသေချာသည် မသိ။ ထိုကလေးမ ကို နောက်တစ် ကြိမ် တွေ့ချင်သေးသည်။
" မသိဘူးကွာ ဘာပဲ ဖြစ်ဖြစ် တက်လိုက်တော့ လဲ ငါ အကျိုးမယုတ် ပါဘူး။ "
" အေးလေ ပြီးတာပဲ ဒါပေမယ့် ဒီအချိန် လေးရက်လုံးတော့ မတူနိုင်ဘူးနော် ငါ့ ကောင်" " မင်း က Level ပိုမြင့်တယ်ကွ သူတို့ထက် "
ထို့ကြောင့် သင်တန်း အတက် အဆင်း တူသည့် အချိန်ကို ရွေး၍ တက်ဖြစ်ခဲ့ သည်။ သူကလေး သည် ကျွန်တော့ ထက် Level နိမ့်သော အတန်းစဉ် မှဖြစ်သည်။ ထို့ကြောင့် တစ်ခန်း တည်းလိုက်တက်လို့ တော့မဖြစ်နိုင်။ ထိုသို့ လဲ လိုက်မတက်ချင်ပါ။

(၂)

အပ်ပြီး နောက်တစ်ပတ် လောက် နေမှ  သင်တန်းဖွင့် မည်ဆိုတော့ လည်း အေးဆေးပင်။ နောက်ပိုင်း သင်တန်းစတက်ရသော နေ့များတွင်လဲ  ကျွန်တော့ အတန်းချိန် ရှိသည့် နေ့တွေပဲ လာဖြစ်သည်။ ကလေးမလေး တို့ အဖွဲ့သည် ကျော်ညီ ပြောသလို ဆပ်ဆလူးစိန် လေးများဖြစ်သည်။ ကျွန်တော့ ကို တွေ့လျှင် လည်း အကြီးမှန်းမသိ ဘာမှန်းမသိ နောက်ချင် ပြောင်ချင်သည်။ သင်တန်းတူသည့် ရက်များတွင် လှေကား အတက်အဆင်း ကန်တင်း နှင့် Tea Break ပေးချိန် အပြင် နားနေ  ထိုင်ခုံ များတွင် တွေ့လေ့ရှိသည်။ သူတို့ အဖွဲ့က လှောင်တတ် လွန်းတော့ ကျွန်တော် နည်းနည်း လန့်သည်။ ထို့ကြောင့်လည်း ကျွန်တော် ရှေ့ဆက်တိုး ဖို့ကို စိတ်မကူးဖြစ်သေး ကိုယ့်ဟာကို သာ အေးအေး နေဖြစ်သည်။

ကျွန်တော့ မျက်ဝန်းလေး / ချာတိတ်မလေး ( သူကလေး မျက်လုံးကို နှစ်သက် လွန်းလို့ ထိုကလေးမ အား "မျက်ဝန်းလေး" လို့ အသက်ငယ် လို့ ချာတိတ်မလေး စသည် ဖြင့် ကျွန်တော် ချစ်စနိုး နာမည် ပေးထားသည်။ ) ကတော့ ပထမ တစ်ကြိမ် တွေ့တုန်းကလောက် မျက်နှာသိပ် မပြောင်ပဲ နည်းနည်း ငြိမ်ပုံရ သည်။ ကျွန်တော် ထင်တာ မမှားပါ။ 

မျက်ဝန်းလေး ကို ကျွန်တော် ထိုနေ့မှ စ၍ အတော်လေး ကြွေသွားခဲ့သည်။
အဲနေ့က ကျွန်တော် သင်တန်းကို သတ်မှတ် ချိန်ထက် နာရီဝက် လောက်  စောရောက်နေသည်။ သို့နှင့် ကျွန်တော် ကားရပ်ပြီး လမ်းထိပ် တွင် ဆေးလိပ် သောက်နေစဉ် " မျက်ဝန်းလေး" ကို သူ့အိမ် မှ ကား လိုက်ပို့ ပုံရသည်။ သင်တန်း ရှေ့တွင်ပင် ကားခဏမှေး၍ ကားပေါ်မှ မျက်ဝန်းလေး ဆင်းလာပြီး သင်တန်းပေါ် တက်သွားသည်ကို တွေ့လိုက်သည်။ 

ထို့နောက် သိပ်မကြာခင် ကျွန်တော့ ချာတိတ်မလေး ပြန်ဆင်းလာပါသည်။ လက်ထဲတွင် ကော်ဖီဖော့ခွက်လေး ကိုင်ကာ သင်တန်းရှေ့ ပန်းပင်စိုက်ထားရာ အုတ်ခုံလေးကို မှီကာ ကျွန်တော်ရှိရာ ( ကားများလားရာ ဗိုလ်အောင်ကျော်လမ်းဘက် ) ကို ငေးကြည့်နေသည်။ ကျွန်တော့အား မြင်လား မမြင်လား ကျွန်တော် မသိပါ။ ချာတိတ်မှာ အင်မတန် အေးအေးဆေးဆေး ရှိလှသည်။ ကျွန်တော် ဖွာလက်စ စီးကရက် ကုန်သည့် အခါ သူမ အနားသို့ အလိုလို လျှောက်သွားမိသည်။ ရုတ်တရက် စကားပြောချင် စချင်လာသည်။ ကျွန်တော် အနားရောက်သည် အထိ ချာတိတ်မလေးသည် ကျွန်တော့အား ကျော်၍ အဝေးသို့ ကြည့်နေစဲ ဖြစ်သည်။ သို့နှင့် ကျွန်တော်ကပင် သူကလေး အား စကားစဆို လိုက်သည်။

" အင်း ဘော်ဒါတွေကလဲ မလာသေးဘူး ဒုက္ခပါပဲ အင်အားတော့ နည်းပါပြီနော် ... ဘယ်လိုလဲ ချာတိတ်ရဲ့ ဘော်ဒါတွေ မရှိတော့ ကြောက်နေပြီလား.. ? "
ကျွန်တော် လဲ ဘာပြောရမှန်းမသိတာနှင့် သူမအား တစ်ယောက်တည်းဖြစ်နေခြင်း ကို နောက်ပြောင်ရင်း စကားစလိုက်သည်။ ချာတိတ်မလေးသည် ကျွန်တော့အား ကြည့်ကာ စကားပြန် တစ်ခုမှ မဆိုပဲ သင်တန်းပေါ်သို့ တတ်ပြေးသည်မှာ အရင် စတတ် နောက်တတ် ခက်သွက်သွက် နေတတ်သည့် ပုံ နှင့် တစ်ခြားစီ။ ထိုပုံလေးကို ကြည့်ကာ ကျွန်တော် တော်တော် သဘောကျသွားသည် ပြီးတော့ သူကလေး၏ အားနည်းချက်မှာ ဘော်ဒါတောင့်မှ လူစွာလေး လုပ်တတ်မှန်း ကောင်းကောင်း သိသွားပြီ ဖြစ်သည်။ 

သို့နှင့် နောက်ရက်များတွင် ချာတိတ်မလေး ရောက်ချိန် ကို မှန်း၍ သင်တန်းကို စောစော လာကာ ဗိုလ်အောင်ကျော်လမ်း နှင့် ကမ်းနားလမ်းထောင့် နေရာလေး မှ သူလေး ကော်ဖီ သောက်ရင်း သူငယ်ချင်းများအား မျှော် နေပုံ ကို ဝတ္တရား မပျက် ကျွန်တော် စောင့်ကြည့် မိသည်။ ထိုသို့ ငေးနေရသည် ကိုပင် နှစ်သက်လာသည်။ ချာတိတ်မလေး၏ အေးဆေးတည်ငြိမ် ပုံ၊ ရှက်တတ်ပုံ၊ မျက်လုံးလွှဲကာ ရှောင်ပြေးတတ်ပုံ များသည် ကျွန်တော့ အား ပို၍ ချစ် စိတ်တိုးစေသည်။


လမ်းထောင့်မှ နေရင်း စီးကရက် ကို ဖွာ မီးခိုးငွေ့ကြား မှ ချာတိတ် ၏ မျက်ဝန်း တစ်စုံ ကို ဖမ်းရသည် မှာ စိတ်လှုပ်ရှားစေသည်။ ထို တစ်နေ့တွင် ဗိုလ်အောင်ကျော်လမ်းမှာ ကားများကျပ်နေသည်။ ကားနေရာရှာနေသည် နှင့်ပင် ကျွန်တော် အနှစ်သက် ဆုံး နှစ်ဆယ့်လေး နာရီ အနက် မှ ဤမိနစ် အပိုင်းအခြားလေးကို ဆုံးရှုံးရတော့မည်။ ဆိပ်ကမ်းသာလမ်း တွင်လဲ ရဖို့ မကျိန်းသေပါ။ တော်ကြာ ထိုလမ်းထဲ ဝင်သွားပြီးမှ ပါကင် နေရာ မရလျှင် ပြန်ပတ်နေရမည်။ ထို စိုးရိမ်စိတ်နှင့်ပင် နောက်ဆုံး သူများကားရှေ့ ပိတ်ရပ် ကာ ပါကင် စောင့် ဦးလေး အား မှာ ခဲ့ ရသည်။
" အကိုရေ ကျွန်တော်ဒီနားပဲ ထိုးခဲ့တော့မယ်ဗျာ ဒါပေမယ့် ကျွန်တော် လမ်းထောင့်မှာ နာရီဝက်လောက် ရှိဦးမှာပါ။ ကားပိုင်ရှင်လာရင် လှမ်းခေါ်လိုက် ဂီယာလဲ ဖရီးရိုက်ခဲ့တယ်။ "
သေချာမှာကာ ကားနေရာယူပြီး လူနေရာယူရန် အပြေးထွက်ခဲ့သည်။ ကားတွေ ပိတ်နေလို့ ဖြစ်မည် သူ၏ ချာတိတ်မလဲ တော်တော်နှင့် ပေါ်မလာပါ။
သူ မျှော်နေရာ ရှေ့ဆီသို့ ချာတိတ်မလေး ကားဝင်လာပါသည်။ ထူးခြားသည် မှာ ဒီနေ့ ချာတိတ်မလေး သည် အရင်လို ကားနောက်ခန်းတွင် မထိုင်ပဲ ရှေ့ခန်းတွင် ထိုင် ကာလိုက်ပါလာသည်။ လိုက်ပို့ လိုက်ကြို ကားများ၏ ထုံးစံ အတိုင်း ကားသည် သင်တန်းရှေ့တွင် အသာမှေး ကာ ကောင်မလေး က ကားပေါ်မှ ဆင်းလာသည်။ လိုက်ပို့သူ နှင့် ဘယ်လို တော်သည်မသိ သင်တန်း အတွင်းသို့ တန်း မဝင်သွားပဲ မောင်းသူဘေးတွင် ရပ်ကာ စကားပြောဟန် ပြူသည်။ ထိုစဉ်
" အကို အကို ဟိုမှာ အကို ကားပိတ်ရပ်ခဲ့တာ ကားပိုင်ရှင် အမကြီး အကြီးအကျယ် ပွါးနေတယ် "
ပါကင် စောင့် လေး ပြောစကားကြောင့် ခုဏက ကား ပိတ်ရပ်ခဲ့သော နေရာသို့ လှမ်းကြည့်လိုက်ရာ သူ့အား စူးရှစွာ လှမ်းကြည့်နေသော မိန်းမပျို မျက်နှာမှာ ဒေါသထွက်နေပုံ ရသည် နှင့် စီးကရက်ကို မီးငြိမ်းရင်း အမြန် သွားကာ ရွှေ့ပေးလိုက်ရသည်။
" ဆောရီးပါဗျာ။ ခုနက ပါကင်ယူစရာ တစ်နေရာမှမရှိလို့ ဟိုဘက်က ပါကင်စောင့်တစ်ယောက်ကို မှာပြီး ဒီမှာရပ်ခဲ့တာပါ။ လိုအပ်ရင် တွန်းဖယ်နိုင်အောင် ဂီယာတောင် ဖရီး ထားခဲ့ပါတယ်။ "
ထို အမျိုးသမီး အား အားနာစိတ် နှင့် တောင်းပန် ရင်း သူကားနေရာကို ပြန်ယူရန် အမြန် ဖယ်ပေးလိုက်သည်။ ကားနေရာ ပြန်ယူရန် စောင့်ရ ပါကင်ပြန်ထိုးရ နှင့် အချိန်တော်တော် လင့် သွားပြီ ဖြစ်သည်။ ရောက်တာကလည်း နောက်ကျသေးသည်။ ဒီနေ့ ကံမကောင်းပါ။ ကျွန်တော် စိတ်ပျက်စွာ ပင် အတန်း တက်ခဲ့ရသည်။ ကျွန်တော် တော့ ဒီနေ့ ချာတိတ်မလေးကို လွမ်းရတော့ မည်။  သေချာ ပင် မတွေ့လိုက်ရ။ လိုက်ပို့ သူမှာ သူ့ အကို ဖြစ်နိုင်သည်။ အသက် မှာ ကျွန်တော့ အရွယ်လောက် ဟု ခန့်မှန်းရသည်။

(၃)

ဒီလိုနှင့် နေ့စဉ် မပျက်မကွက် ကျွန်တော် နှင့် ချာတိတ်မလေး တို့ အကြည့်ချင်းဆုံ ရာမှ သူကလေးသည် ကျွန်တော့ မျက်ဝန်း အစုံ အား ယဉ်ပါးလာခဲ့သည်။ ကျွန်တော် မှာ တစ်နေ့ တစ်နေ့ ချာတိတ်မလေး အား ကြည့် လိုက် သူမ သူငယ်ချင်းများ လာရာဘက် ကြည့် လိုက် တစ်ယောက်ထဲ ကျေနပ် စွာ ပြုံးလိုက်နှင့် ဗျာတွေ များနေခဲ့သည်။ ချာတိတ်မလေး တို့ နှင့် သင်တန်းပေါ် တွင် ပြန်တွေ့ လျှင် မသိ ကျိုးကျွန် ဟန်ဆောင် နေရသည်မှာ လဲ အမောဖြစ် သည်။ သူမ နှင့် ကျွန်တော် ဒါကိုတော့ ဟန်ချက်ညီသည်။ သူမ ဘော်ဒါတွေ ကျွန်တော့ အား စကြ နောက်ကြ လျှင် အရင်လို သူကလေး မပါတော့။ ကျွန်တော့အား အားနာ မျက်လုံးလေး နှင့် နောက်ဆုံးမှ နေ၍ ခိုးကြည့် တတ်သေးသည်။ ကျွန်တော်၏ ချာတိတ်မလေးသည် တစ်ကယ် တော့ ထင်ထားတာထက် ပင် ရှက်တတ် ကြောက်တတ် ပုံပေါ် သည်။ သူငယ်ချင်း များရှေ့တွင် ကျွန်တော်လာခေါ် မည်ကို လဲ စိုးရိမ်ပုံ ရသည်။ သို့ နှင့် ကျွန်တော့ အခြေ အနေ သည်လည်း တစ်နေ့ ထက် တစ်နေ့ အကဲပိုလာပြီ ဖြစ်သည်။

ထိုနေ့က ကျွန်တော် အိမ်ကထွက်တာ နောက်ကျသည့် အပြင် ကားလမ်းပိတ်ခြင်းကြောင့် ကျွန်တော့ မျက်ဝန်းလေး နှင့် ဝေးတော့မည်။ ကျွန်တော် ဗိုလ်အောင်ကျော်လမ်း ရောက် ကားရပ်ပြီး ကမန်းကတန်း ထွက်လာချိန်တွင် လမ်းထိပ် နားတွင် ချာတိတ်မလေး တို့ အိမ်မှ ကားရပ် ထားသည်ကို အမှတ် မထင် တွေ့လိုက်ရသည်။ လက်ဝဲ လက်ယာ ကွမ်းယာဆိုင် ဂျာနယ်ဆိုင် တို့တွင် ချာတိတ်မလေး ၏ ကားဒရိုက်ဘာ ကိုရှာရာ မတွေ့။ သို့ နှင့် သင်တန်းပေါ်သို့ အပြေးအလွှား တတ်သွားမိသည်။ ဒီအချိန် နောက်ကျပေမယ့် သင်တန်းစချိန်တော့ မဟုတ်သေး သူကလေး ၏ ဘော်ဒါတွေလဲ ဒီ အချိန် တော့ ရောက်လေ့ မရှိ သူကလေး က တော့ ရပ်နေကျ နေရာတွင် ရှိမနေ။ ချာတိတ်မလေး တို့ အတန်းသည် လဲ ရှေ့ အချိန် တစ်ခြား အတန်း တစ်ခု ရှိနေသည်။ ထို့ ကြောင့် အတန်း ထဲတွင် သူကလေး ဝင်ထိုင် နေလို့ မရနိုင်။ ဒါကြောင့် သူကလေး အား ကျွန်တော်  Library တွင် အရင် ဝင်ရှာမိသည်။ မတွေ့၍ ကန်တင်း ရှိရာသို့ တက်ကာ ရှာလျှင် သူမ အကို နှင့် မုန့် ထိုင်စားနေသည် ကို တွေ့ရသည်။ ထုံးစံ အတိုင်း သူ့အား လှမ်းကြည့်သော မျက်ဝန်းထဲ တွင် ရှက်စိတ် စိုးရိမ်စိတ် တို့ လွှမ်းနေမှန်း သိပ်သိသာ သည်။ မကြာ ချာတိတ်မလေး အကို ပြန်သွား သည်။ ထို့ နောက် ကျွန်တော်လဲ ထိုင်နေရာမှ ကော်ဖီခွက် ကိုင်ကာ သူကလေးရှိရာ သို့ ထသွား မိသည်။
" ထိုင်ခွင့် တောင်းရင် ရိုင်းများရိုင်းနေမလား "
" ဘာလို့လဲ "
" ဪ မိန်းကလေး တစ်ယောက်ထဲ ထိုင်နေတာကို ယောကျာ်းကြီး တစ်ယောက်က နေရာ ကပ်တောင်းတော့လေ "
" ရပါတယ် ဦးလေးရယ် ထိုင်ပါ"
" ဟောဗျာ .. "
" ခစ်ခစ်... "
ချာတိတ်မလေး ဟက်ဟက်ပက်ပက်ရီ ပါသည်။ သို့နှင့် မိတ်ဆက်စရာ မိတ်ဖွဲ့စရာမလို ပဲ ကျွန်တော်တို့ စကားတွေ အတိုင်အဖောက် ညီညီ ရွှမ်းဝေ ခဲ့ကြသည်။
" ဦးလေးလို့တော့ မခေါ်ပါနဲ့ကွာ အဲလောက်လဲ အသက်မကြီးသေးပါဘူး။ ဒါနဲ့ ချာတိတ် နာမည် ဘယ်လို ခေါ်လဲ ? "
" ဟားဟား ..... ဒါမျိုး ဘယ်ရမလဲ... ကလေး ဆိုပြီး အတည်ပေါက် နဲ့လာ အစ်နေတယ်ပေါ့လေ "
" မဟုတ်ပါဘူး "
" ဦးလေးနော် တော်ကြာ ယုတို့ ရောက်လာမှ ဟုတ်ပေ့ ဖြစ်နေမယ် မကြောက်ဘူးလား..... ? "
" မကြောက်ပါဘူး ကလေးတွေမို့ အလျှော့ပေးထားတာပါ..."
" လေလုံးကျယ်တယ် ပေါ့လေ ဦးလေး မကြောက်ပေမယ့် ကြောက်တဲ့သူကတော့ ကြောက်တယ် ! ဒီမိန်းမ တွေက လွယ်တာ မဟုတ်ဘူး ….......ကဲ..ကဲ..... လစ်ပြီ !! "
" ဟာနေဦးလေ ....နာမည်ပြောခဲ့ဦးလေ ... "
" နာမည်လား ....... ???  ချာတိတ် ... "
သူမ ပြုံး၍ ထွက်သွားသည်။ ကျွန်တော် နောက်မှ ပြုံး၍ သူမပျောက်ကွယ် သွားသည် အထိ ကြည့်နေမိသည်။ ကိုယ်ဟာကိုယ် ဟုတ်လှပြီ ဟုတွေးရင် ပျော်နေမိသည်။

(၄)

သို့နှင့် ကျွန်တော်၏ နေ့ရက်တို့ ပိုမို အသက်ဝင်လာသည်။ ခဏလေးတွေ က အဖိုးတန် လာသည် ။ တွေ့ ရမည့် အချိန်တွင် မျက်တောင် တစ်ချက်ခက် သည်ကို ပင် မလွတ်ချင်။ အကဲတွေ ပိုလာသည်။ ထိုနေ့ အိမ်မှ ကမန်းကတန်း ထွက်လာမိလို့ ကိုရွှေမိုးညို နေသည်ကို သတိမထားမိ။

ဗိုလ်အောင်ကျော်လမ်း အဝင်တွင် မိုးက စ၍ သည်းချတော့သည်။ သွားပြီ ကျွန်တော် မျှော်တော်ယောင် လုပ်ဖို့ ဒီနေ့ ရာသီဥတု က ကိုယ့်ဘက်တွင် မရှိ။ နွေရာသီလဲဖြစ် နဂိုတဲကလည်း ယောက်ျားလေး ပီပီ ထီးယူလေ့ မရှိသောကြောင့် ထီးမပါ သို့ပေမယ့် မိုးရေစိုသည် ကို စိတ်မဆိုးပါ။ ဆိုးတာက ကျွန်တော် မျက်ဝန်းလေး နှင့် ဒီနေ့ လွဲရမည်ကို ဖြစ်သည်။ သို့ နှင့် စာအုပ် မိုးကာ ကားတံခါး အမြန်ပိတ်၍ ပြေးရသည်။

ကျွန်တော် ကမ်းနားလမ်းသို့ မချိုးခင် လမ်းထောင့် အရောက် အနောက်မှ မိန်းကလေး တစ်ယောက် ခေါ်သံကြား၍ လှည့်ကြည့် မိတော့

" ဒီမှာ ဒီမှာ သင်တန်းတတ်မို့မလား ပြေးရင် စိုရွှဲပြီး အထဲမှာလဲ Air-con နဲ့အရမ်းချမ်းနေလိမ့် မယ်၊ ကျွန်မ ထီးယူသွားပါ။ "
ထိုမိန်းကလေး ၊ ဟုတ်ပါသည် ဟိုးတစ်ခါ ကျွန်တော် သူမကားရှေ့ တွင် ကားပိတ်ရပ်မိ၍ ဒေါသထွက်သော မျက်နှာ၊ ထိုမိန်းကလေးသည် ကျွန်တော့ အား ထီးလာမိုးရင်း ပြောလိုက်ခြင်း ဖြစ်သည်။ ချိုသာလွန်းသော မျက်နှာနှင့် ရုတ်တရက် သဘောတွေ ကောင်းနေသော ထိုမိန်းကလေးကို ကျွန်တော် ကြောင်ကြည့်ကြည့် နေရင်း စကားပြန် မပြောမိ။ အတန်ကြာမှ အားနာသွားပြီး
" ဟို....  ရပါတယ်ခင်ဗျာ အားနာစရာ ကျွန်တော် မယူတော့ပါဘူး။ "
သို့နှင့် ဘယ်လို ငြင်းငြင်း မရပဲ အဲနားမှာတင် အတန်ငယ်ကြာနေပြီး ချာတိတ်မလေး ကား ဖြတ်ကွေ့ သွားသည် ကိုပင် ကျွန်တော် မတွေ့လိုက် ။ ကျွန်တော်၏ မျက်လုံး ထောင့်တစ်နေရာသို့ ချာတိတ်မလေး ကားရပ် ၍ ကားနောက်ခန်း မှ သူကလေး ပြေးဆင်းသွားသည့် အရိပ်လေး ပြေးသွားမှ ကျွန်တော် လှမ်းကြည့်မိလိုက်သည်။ မိုးရွာ၍ ကားလမ်းကျပ် နေသောကြောင့် ချာတိတ်မလေးကားသည် သင်တန်း နှင့် နည်းနည်းလှမ်းလှမ်း တွင် မှေးရပ် ထားပြီး ချာတိတ်မလေးတွင်လဲ ထီးမပါပေ။ သို့နှင့် ကျွန်တော် ရုတ်တရက် ဆိုသလို ကျွန်တော့ ရှေ့မှ မိန်းကလေးထီး ကို ယူ၍
" ဒါဆို.. ကျွန်တော် ..နောက်နေ့မှ ပြန်ပေးမယ်နော် "
ဟုဆိုကာ ကျွန်တော့ ချာတိတ်မလေး ရှိရာသို့ ပြေး၍ မိုးလိုက်သည်။ ချာတိတ်မလေးမှာ အပြေးလေး ရပ်ကာ မျက်လုံးဝိုင်းလေး နှင့် ကျွန်တော့ အား မော့ကြည့် သည်။
" ချာတိတ် ထီးမပါ ဘူးမလား ? စိုကုန်မယ်... လာ....."

ကျွန်တော် ပျော်ပါသည်။ ကျွန်တော့ ရင်ဘက်ထဲ က နှလုံးခုန်သံ ကျယ်ပါသည်။ ချာတိတ်နှင့် အနီးဆုံးနေရာတွင် သူမ ကိုယ်သင်းနံ့ကို အခွင့်မရှိ ရှိုက်သွင်းရင်း သူမ မျက်နှာ မျက်လုံး နှုတ်ခမ်း အားလုံး တို့ကို အနီးကပ် ရှူစားရင်း နွေရာသီ တွင် ရွာတဲ့မိုး ဟာ အင်မတန် နူးညံ့ သိမ်မွေ့ လှသည်ဟု ကျေကျေနပ်နပ် ကြီး ကောက်ချက်ချ နေမိသည်။ ချာတိတ်မလေးက တော့ ကျွန်တော့ ထံ ပြန်လှည့် မော့ မကြည့်ပဲ မြေကြီး ကိုသာ တစိုက်မတ်မတ် ကြည့် ၍ လျှောက်လှမ်းနေသည်။ ကျွန်တော် သူမအား ချစ်သည်။ သင်တန်း တွင်း ရောက် ပြီး သူကလေး က
" တော်သေး တယ် ........ မိုး က မထင် ရဘူး မိုး ပေါက် တော်တော် ကြီးတယ် နော် ။ ကျေးဇူးတင်ပါတယ်...။ မဟုတ်ရင် ရွှဲမှာပဲ...........။ ကော်ဖီ လိုက်သောက်ပါလား ........မိုး ရွာနေတော့ ဆေးလိပ် လဲ သောက်လို့ မရဘူး ဆိုတော့ ... "
သူမ က လိုလို လားလား ပင် ခေါ်ဆိုသည်။ ကျွန်တော့ အတွက် ကတော့ ငြင်းစရာ မရှိပါ။ ကျွန်တော် နှင့် ချာတိတ် တို့ ၏ ရင်းနှီးမှု အရှိန်နှုန်း မြန်လာစေသည်။ သူမ အားကျွန်တော် ဖွင့် မပြောရဲသေးပါ။ သူမသည် ကျွန်တော် သိခါစ ကလို ချာတိတ်မလေး တစ်ယောက် ဟန်ပန် မျိုး မဟုတ်တော့ပါ။ ဘယ်လောက် ငယ်တဲ့ မိန်းကလေး ပဲ ဖြစ်ဖြစ် ဘယ်လောက် ကြောက်တတ် တဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ယောက်ျား လေးများက ချစ်မိပြီ ဆိုလျှင် ပြန်ကြောက်ရတာ ချည်းပဲ ဖြစ်သည်။ အခွင့်အရေး လေးပေးသည် နှင့် တစ်ပြိုင် နက် အဆင့် တိုးချင်လာပြီ ဟု ထင်ကာ စိတ်ပျက်သွားမည်ကို လဲ စိုးရိမ်သည်။ ဒီလိုနှင့် ပြော ချင်တာတွေ မြိုသိပ်ရင်း ဟိုဟိုဒီဒီ ပြောဆိုနေရသည် ပင် ကျွန်တော့ အဖို့ အဓိပ္ပယ် တွေ ရှိနေသည်။ အတန်းသာတက်လိုက်ရသည် ကျွန်တော်စိတ်က ချာတိတ် ဆီကျန်နေခဲ့သည်။

နောက်တစ်နေ့တွင် အားလုံး ပုံမှန် အတိုင်း ဟု ထင်ရသော်လည်း ကျွန်တော်မှာ အားမလို အားမရ နှင့် သားကောင် ကို ချောင်းနေရသော မုဆိုး တစ်ကောင်လိုပင် ဆိတ်ဆိတ်သာ နေနေရသည် တစ်ကယ် တော့ စိတ်ထဲမှာ ပြာလောင်ခတ်နေသည်။ ပစ်မှတ် တဲ့မှန်ရန် ချိန်ဆနေရသည်။ တစ်ယောက်ထဲ ချွေးပြန်နေသည်။ Tea-Break ပေးချိန် တွင် ကော်ဖီ ခွက်ကိုင်ရင်း ကိုယ့် အတွေးနှင့် ကိုယ် လျှောက်လာရာ လျှောက်လမ်း အကွေ့ တွင် ကောင်မလေး တစ်ယောက်လာ တိုက် ၍ ကော်ဖီတွေ အကျီင်္ပေါ် မှောက်ကုန်ရာ စိတ်တို သွားမိသည်။ မော့ကြည့်တော့ ချာတိတ်မ ဘော်ဒါတွေ ထဲမှ တစ်ယောက်။ တောင်းပန် စကားတွင် မပြော စပ်ဖြီးဖြီး လုပ်ပြီး ထွက်သွားကြသည်။ နောက်ဆုံးမှ ချာတိတ်မလေးကတော့ မျက်နှာငယ်လေး နှင့် မျက်လုံးလေး ဝိုင်းကာ ကြည့်ရင်းပါသွားသည်။ ချာတိတ်မ မျက်နှာကြောင့်သာ သည်းခံနေရသည်။ တကယ်ဆိုရင် ကျွန်တော်က ဒီလို မိန်းကလေးမျိုး အမူအရာမျိုး တွေ ကို အင်မတန် အမြင်ကတ်တတ်တဲ့ ကောင်ဖြစ်သည်။ စိတ်ထဲမှ မကျေမချမ်း နှင့် wash-room သွားကာ  အကျီင်္ကို ရေနှင့် ဆေးရသည်။ ကော်ဖီ နံ့ကို မသောက်ခင် ခွက်ထဲမှာသာ ကြိုက်သည်။ ပေကျန် သွား လျှင် အနံ့မှာ ဆိုးလှသည် ဟုထင်သည်။ အကျီင်္ကို ရေခါရင်း ပြန်ထွက်အလာ မလှမ်းမကမ်းတွင် ချာတိတ်မလေး စောင့်နေသည်ကို တွေ့ရသည်။ ကျွန်တော်နှင့် မျက်နှာချင်းဆိုင် ဆီသို့ လျှောက်လာရင်း သူမက
" စောရီးနော် အဲမိန်းမတွေက လေ ပြာယာပြာယာ နဲ့.......... ပြီးတော့ တောင်းပန် ရကောင်းမှန်းလဲ သိတာ မဟုတ်ဘူး........ ပြောရင်လဲ နင်ကသူ့ရှေ့နေလား....... ဘာလား …....ပြောဦးမယ် သူတို့အစား ချာတိတ်က ပဲ တောင်းပန်ပါတယ် . ဒီမှာ ဒါလေးနဲ့ ထပ်သုပ်လိုက်ပါလား..... ခုဟာက ရေကွက်ကြီးနဲ့ အကျီင်္မှာ "
ဟု ဆိုကာ သူမ၏ လက်ကိုင်ပဝါလေး ပေးကာ ထွက်သွားသည်။ ကျွန်တော်တောင် ဘာမှ ပြန်မပြောလိုက်ရ။

(၅)

ဒီလို နှင့် ချာတိတ်မလေး မျက်ဝန်း အပြုံး နှင့် အပြူအမူတို့ သည် ကျွန်တော့အား ပို၍ သတ္တိ ရှိလာစေသည်။ နောက်တစ်ကြိမ် အခွင့်သာရင် ဖွင့်ပြောမည် ဟု စိတ်ပိုင်းဖြတ်ကာ စာမေးပွဲ ဖြေကာနီး ကျောင်းသား တစ်ယောက်လို စိတ်တွေ လှုပ်ရှားနေခဲ့သည်။ ဒီနေ့ ကျွန်တော် အတန်းဆင်းလာတော့ ချာတိတ်မလေး ရှေ့မှ ဆင်းသွားသည်ကို တွေ့ရသည်။ ပုံမှန် သူဒို့ class သည် ကျွန်တော့ class ထက် ဆင်းချိန် စောသည်။ ကျွန်တော်ပြန်လျှင် သူမ အား မတွေ့တော့သည် က များသည်။ တစ်ယောက်တည်း Library ထဲ သို့ ဝင်သွား သည် သူမ သူငယ်ချင်း များ ပြန်သွားကြ ပုံ ပေါ်သည်။ ကျွန်တော် နောက်မှ အသာလေး ကပ် လိုက်သွားပြီး
" ဟိတ် !!! "
ကလေးမလေး လန့်သွားကာ လှည့် ကြည့် ပြီး
" မပြန်သေးဘူးလား ..? "
ပြိုင်တူ မေးလိုက် မိ ၍ ရီဖြစ် ကြသည်။
" ကို က မေး ရမှာ ပါ အရင် ဒီ အချိန်ဆို ချာတိတ်ကို မတွေ့တော့ ပါဘူး။ ဒီနေ့မှ ထူးထူး ဆန်းဆန်း "
" ဟင် .. Library မှာ လာရှာလို့ လား ? "
" Library မှာ တော့ လာ မရှာဘူးလေ၊ ဒါပေမယ့် ကို class ဆင်းချိန်ဆို ချာတိတ်တို့ အခန်းက လူတောင် မရှိတော့ ဘူး အားလုံး ပြန် သွားကြပြီ "
" ဪ ချာတိတ်က မပြန်ပါဘူး အမြဲ ရှိတယ် ခဏလေး နေပြီးမှ ဟိုဘက် ဆိပ်ကမ်းသာ လမ်းမှာ အိမ်က ကားကို သွားရှာတာ "
" ဟင် အဲလိုလား  ??? "
" ဟုတ်တယ် ကားဒရိုက်ဘာ ဦးလေး က ချာတိတ်ကို မကြိုခင် ဖေဖေ့ ကို ထမင်းချိုင့် အရင်သွားပို့ရသေးတယ်လေ အိမ်က ထမင်းကျက်ချိန် နဲ့ ဆိုတော့ အတန်း ဆင်းချိန် အတိအကျ မရောက် နိုင်ဘူး။  အဲဒါကြောင့် ... "
" ကြည့်စမ်း............ ကို စောစော က မသိ ခဲ့ဘူး "
" ဟင် ...... "
နှစ်ယောက် သား ရီမိကြသည်။ စာအုပ်လဲ မ ငှါးပဲ ချာတိတ်လေး နောက်မှ လိုက် ကာ သူ ယူသော စာအုပ်များ ကို လိုက်ကြည့် လိုက်စနေ မိသည်။
" ကဲ ပြန်တော့မယ် ကား ရောက်လောက် ပြီ "
ချာတိတ် က ပြန်မယ်ဆိုတော့ လည်း သူ့ နောက်မှ ထပြန်လာမိသည်။ ချာတိတ်ကလည်း ဘာမှ ငြင်းဆန် ချင်း မပြု အပြင် ရောက် လျှင် သူမ အား ကျွန်တော် ဖွင့် ပြောတော့ မည် ဟု အားယူ ထားသည်။ အပြင်သို့ လှမ်းကြည့်လိုက်သည် နှင့် မိုးသည် ကျွန်တော်တို့ အား စောင့်ကြို နေကြောင်း တွေ့ရသည်။ ကံကောင်း စွာ ပင် ယခင် နေ့က မိန်းကလေး ဆီမှ ငှါးလာသော ထီးမှာ ကျွန်တော့ ထံ တွင် ပါလာသည်။ တွေ့လျှင် ပြန် ပေးနိုင် အောင် ထည့်လာခဲ့ခြင်း ဖြစ်သည်။ ဒီနေ့တော့ ကျွန်တော် မိုးကို မကျိန်ဆဲ တော့ပါ။ ချာတိတ်လေးက
" မိုးတွေ ရွာ ပြန်ပြီ "
ဟု တိုးတိုးလေးငြီးရှာသည်။
" ကို လိုက်ပို့ ပေးမယ်လေ "
ဟု တောင်းဆို သည် ကို အသာ တကြည် ခေါင်းညိမ့် ပြရင်း လက်ခံခဲ့သည်။ ကျွန်တော် ရုတ်တရက် ထီးပိုင်ရှင် မိန်းကလေး အား စိတ်ထဲမှ ကျေးဇူးတင်နေမိသည်။ ပြီးတော့ ကျွန်တော် နှင့် ချာတိတ်မလေး တို့အခြေအနေကို လဲ ကျိတ်ပြီး သဘောကျနေမိသည်။ ကျွန်တော် အရဲစွန့်ပြီး ပြောရန် ဟန်ပြင်လိုက်သည်။ ထီးပြာပြာ လေး အောက်မှ ကျွန်တော်၏ ချာတိတ်မလေးသည် မိုးစက်များ ကို လက်လေးနှင့် ခံ ကာ ကျွန်တော် နှင့် နီးကပ် စွာ လျှောက်လာခဲ့သည်။ ဆိပ်ကမ်းသာ လမ်းသို့ ချိုးအဝင် တွင် သူမ ၏ ကားသည် ဘယ် ဆီ တွင် ရှိမှန်း မသိ ကျွန်တော် အရှိန်ယူ နေရုံနှင့် မပြီး ပြောမှ ဖြစ်တော့မည်။ ထို့ကြောင့် ကျွန်တော် သည် မိုးစက်တို့ သံစဉ် နှင့် အတူ ရင်ခုန်သံကို ဖွင့်ဆိုခဲ့သည်။
" ကို...  ကို... လေ ချာတိတ်ကို ချစ်တယ်.. "
ဘယ်လိုပဲ စာစီ ထားထား နောက်ဆုံးတွင် ဒီအတိုင်း တုံးတိ သာ ပြောလိုက်မိသည်။ ချာတိတ်မလေး ရုတ်တရက် ခြေလှမ်းများရပ် လိုက်ကာ ဘာမှ ပြန်မပြောနိုင်ပဲ မျက်လုံးလေး ပြူး ၍ ကြောင် ကြည့်ကြည့် နေသည်။ ကျွန်တော့ကို ကြည့်တာ တော့ မဟုတ်ပါ။ သူကြည့်ရာ နေရာ သို့ ကျွန်တော် လှမ်းကြည့်လိုက်တော့ သူမ အကို ကျွန်တော်တို့ ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရ၍ စိုးရိမ်သွားသည်။ သူမ အကို ဖြစ်သူ သည် ကျွန်တော်တို့ ရှေ့သို့ ရောက်နေပြီ ဖြစ်သည်။
" ကိုဦး လာကြိုတာလား .....?  "
သူမ ကပင် ပထမ ဆုံး စကားဆိုလိုက်သည်။ ထို့နောက် ကျွန်တော့ အား မျက်လုံး လေး ဝိုင်းကာ အားနာသော မျက်နှာနှင့် ကြည့် ရှာ သည်။ ကျွန်တော် ကလည်း နားလည် စွာပင် ပြုံးပြ လိုက်သည်။
" ဟုတ်တယ် ကိုတို့ မင်္ဂလာဆောင်အတွက် ကိတ်မုန့် ပုံစံ လာရွေး ပါဆို လို့ ‘မေ့’ ကို ဝင်ခေါ်တာ။ ဒါနဲ့ သူက ... ”
ထို ပုဂ္ဂိုလ် မှာ ကျွန်တော် ဘက်သို့ လှည့်ကာ မေးလိုက်ခြင်း ဖြစ်သည်။ ကျွန်တော့ အပြုံး သည် ရုတ်တရက် အရောင်ပြောင်းသွား သကဲ့သို့ ချာတိတ်မ လေး သည် လည်း မျက်နှာတွင် ပြုံးရိပ်မရှိတော့ပါ။ သေချာ ပါသည် ကျွန်တော့ နားလည် မှူ တို့ ချို့ယွင်းချက် ရှိ နေပြီ။ နှုတ်ဆက်လာသူ မှာ ကျွန်တော် ယုံကြည် နားလည် ထားသော အကို ဖြစ်သူ မဟုတ်ဆိုကို ချက်ချင်း သဘောပေါက် သွားသည်။ ခဏ အချိန် အတွင်း ကျွန်တော် ရင်ခုန်ခဲ့သည့်  အရာရာ သည် အခု ကျွန်တော့ အား ခြောက်ခြား သွားစေသည်။ သွားပြီ ရိုးသား ပွင့်လင်း စွာ ဖွင့်ဟ ခဲ့မိ သော ကျွန်တော့ ရင်ခုန်သံ သည် ခုချိန် မှာ  ရီစရာ တေးသွား တစ်ပုဒ် ဖြစ်သွား ပြီ။ ရှက်စိတ် နှင့် သိမ်ငယ်စိတ် တို့ အားပြိုင် နေသော်လည်း ကြေကွဲ သွားသော နှလုံးသား တစ်စုံမှာ လှည့်မကြည့် နိုင် အားမပေးနိုင်ပါ။ ဦးနှောက် အာရုံကြော တို့က တော့ ပုံမှန် အလုပ်လုပ်နေ ပုံ ရပါသည် ။ ထို့ကြောင့် ပင် ကျွန်တော် မမြင်ချင်သော မြင်ကွင်း ကို မြင်နေရသည် ၊ မကြားချင် သော စကားသံ များ ကို ကြားနေရသည် ၊ မျက်နှာမှာ ငိုချင် ရက် နဲ့ ပြုံး ထား ရသည်။
" ဪ ဒါ မေ တို့ အတန်းထဲ က အကို တစ်ယောက်ပါ မေ ထီးမပါလို့ လိုက်ပို့တာ ကိုဦး။ "
" ကျေးဇူးတင်ပါတယ်ဗျာ ကျွန်တော့ နာမည် သီဟဦး ပါ မေ ရဲ့ ချစ်သူ ပါ တွေ့ရတာ ဝမ်းသာပါတယ် "
" ဟုတ်ကဲ့ "
" သွားရအောင် ကိုဦး … "
" ကျေးဇူးပဲ နော် အကို " 
ကျွန်တော် အား သူမ နှုတ်ဆက်သွားခြင်း ဖြစ်သည်။ ခေါင်းကို လေးပင် စွာ ညိမ့်ပြ ရင် ရင်ထဲမှ မျက်ရည်နှင့် အတူ ကျွန်တော် အားယူကာ ပြုံးပြခဲ့ပါသည်။

ယခု အခါ သူမ သည် ကိုဦး ဆိုသော သူ၏ ထီး အောက် တွင် အေးခြမ်းတည်ငြိမ် စွာ ကျွန်တော့ အား ကျောခိုင်း၍ ထွက်ခွါသွားလေသည်။ သူမ ၏ ကျောပြင် သည် ကျွန်တော့ အား လှောင်ပြောင် သရော် နေဟန် ခံစားရသည်။ ကျွန်တော် ခုလေး တင် ရင်ခုန်စွာ ချစ်ခွင့် ပန် ခဲ့ သော မိန်းကလေး သည် ကျွန်တော် အား အင်မတန် ရက်စက် သော အဖြေကို မတောင်းသေးခင် ပေးသွား ခဲ့သည်။ သူမသည် ကျွန်တော့ အချစ်တွေ ကို ပြက်ရယ် ပြုသွား လေသလား။ နောက်ပြောင် သရော် သွားခဲ့ လေသလား ကျွန်တော် မသိ ပါ ။ ခု တော့ ကျွန်တော် နှင့် သူမ တို့ အား ရင်ခုန်သံ ချင်း နီးဆက် စေသော ဤ အမိုးပြာပြာ ထီးလေး အောက် တွင် ကျွန်တော် တစ်ယောက် တည်း ကျန်ခဲ့ပြီ ဖြစ်သည်။ မိုးစက် တို့ က ကျွန်တော့ မျက်ရည် ကို စိန်ခေါ်နေ ကြ သည်။ ဘယ်လို ပဲ ဖြစ်ဖြစ် အပြစ် ရှိသူ မှာ ပြုသူ ကျွန်တော် ပဲ ဖြစ် ပါလိမ့်မည်။


ကျွန်တော့ အတွက် မဟုတ်ခဲ့သော သူကလေး ၏ ရင်ခုန်သံ ကို ကျွန်တော် ဝေဝါးစွာ ဘာသာပြန် ခဲ့မိသည်။


ပုံများကို Google မှ ရှာပါသည်။
Related Posts Plugin for WordPress, Blogger...