(၁)
ဪ ခက်ပါပြီ သူမ၏ကားရှေ့တွင် ကားတစ်စီး အလိုက်ကန်းဆိုးမသိ ပိတ်၍ရပ်ထားပြန်ပြီ။ သူမသည် ထိုသို့ လာ၍ ပိတ်ရပ်ထားလျှင် အင်မတန် ဒေါသဖြစ်တတ်သည်။ သို့နှင့် ပါကင်ကြေးယူ၍ ဘာတစ်ခွန်းမှ မပြောရကောင်းလား ဆိုပြီး ပါကင်စောင့်အား လှမ်းခေါ်ကာ ကားပိုင်ရှင်ကို ခုချက်ချင်း ကားလာရွှေ့ပေးဖို့ ပြောရန် ဟောက်မိလေသည်။ ထိုသူငယ်သည် (ပါကင်စောင့်မှာ ကျောင်းသားအရွယ်လေးသာ ရှိသေးသည်။ ထို့ကြောင့် သူငယ်ဟု သုံးနှုန်းခြင်းဖြစ်ပါသည်။ ဝမ်းရေးတစ်ထွာအတွက် ပညာရေးဘက် မလှည့်နိုင်သော လူငယ်လူရွယ်များမှာ မြန်မာပြည်တွင် စိတ်မကောင်းစရာ အမြောက်အမြား ရှိပါသည်။) ပျာပျာသလဲပင်
"ခဏလေးနော် အမ၊ ဟိုးကအကိုကြီး ရပ်သွားတာ။ ကျွန်တော်သွားပြောလိုက်ပါ့မယ်။"
ဟုပြောဆိုရင်းပင် ပြေးလွှားသွားလေသည်။ သူမပင် ဘာစကားတစ်ခွန်းမှ မဟနိုင်ပဲ သူညွှန်ရာ အရပ်သို့ ခေါင်းလှည့်ကြည့်မိသည်။ သူမ ခဏလောက် လောကကြီး နှင့် အဆက်အသွယ်ပြတ် သွားသလား အောက် မေ့ရသည်။ သူမ လှမ်းကြည့်မိသော နေရာသည် သူမအား ညှို့ယူ ဖမ်းစား ထားလိုက်သည်။ သူမ ထံသို့ ပြန်လှည့်ကြည့်ကာ သူ့လက်ကြားမှ စီးကရက်တိုကို ပစ်ချ၍ ခြေဖြားထိပ် (ရှူးဖိနပ်) ထိပ်လေးနှင့် နင်းခြေလိုက်သောအချိန်တွင် သူနင်းခြေလိုက်သော စီးကရက်နှင့် အတူ သူမ၏ ထွက်နေသော ဒေါသ ပါသွားသည်။ ထို့နောက် တစ်လှမ်းချင်း သူမထံသို့ ဦးတည် နင်းလျှောက်လာသော သူ့ခြေလှမ်းတွေသည် သူမရင်ခုန်သံကို အမြန်နှုန်း တစ်ရာအထက်ရောက်အောင် တွန်းတင်ပေးလိုက်သည်။ သူမရှေ့အရောက်တွင်
"ဆောရီးပါဗျာ။ ခုနက ပါကင်ယူစရာ တစ်နေရာမှမရှိလို့ ဟိုဘက်က ပါကင်စောင့်တစ်ယောက်ကို မှာပြီး ဒီမှာရပ်ခဲ့တာပါ။ လိုအပ်ရင် တွန်းဖယ်နိုင်အောင် ဂီယာတောင် ဖရီး ထားခဲ့ပါတယ်။"
ချိုသာသော အသံ နှင့် စူးရှသော မျက်လုံးအစုံသည် သူမ၏ အပြုံးကို နှုတ်ချွေ သွားလေသည်။ သူမရုတ်တရက် ဘာပြန်ပြောရမှန်း မသိ ပြုံးရုံဖြင့်သာ တုန့်ပြန်ရုံ ရှိသေးသည် ထိုသူက
"ကိုယ် ဒီနေရာပြန်ယူမယ် ညီလေး တစ်ချက်လောက် ကြည့်ပေးကွာ"
ဟုပြောပြောဆိုဆို ပင် သူ့ကားဆီသို့ တက်သွားလေသည်။ ထိုအချိန်မှ သူမလဲ ခက်သွက်သွက်ပင် ကားပေါ်တက်ကာ မောင်းထွက်ရသည်။ ပါကင်သမားက တားထားသော ကားတန်းပင် အတော်ရှည်နေပြီဖြစ်သည်။ ကားရှုပ်တာကို မုန်းသဖြင့် သင်တန်းကိုတောင် မနက်အစောဆုံး အချိန်ကိုယူထားဖြစ်သည်။ ဒါပေမယ့်အပြန်မှာတော့ ကိုးနာရီထိုးပြီဖြစ်သောကြောင့် ဘယ်လိုမှရှောင်လွှဲ၍မရ။ သင်တန်းနေရာမှာ ဗိုလ်အောင်ကျော်လမ်းနှင့် ဆိပ်ကမ်းသာလမ်း (လွစ်လမ်း) ကြား၊ ကမ်းနားလမ်းပေါ် တွင်ရှိသော "British Council" ဖြစ်သည်။ ထို့ကြောင့် ကားပါကင်ကို ဗိုလ်အောင်ကျော်လမ်းတွင် ရရင်ယူ ဒါမှမဟုတ် ဆိပ်ကမ်းသာလမ်း (လွစ်လမ်း) တွင်သွားယူရသည်။ နှစ်လမ်းစလုံးကတော့ သူမသာကိုယ်မသာပင်။ ကားထွက်လာသည်ထိ ထိုသူအား ( ထိုသူ့ ကားဆို ပိုမှန်ပါလိမ့်မည်။) ဘတ်မှန်မှ တစ်ဆင့် ကြည့်ဖြစ်သည်။ ပြီးစိတ်ထဲမှလဲ တွေး၍ ရီချင်မိသည်။
"ငါကြိုက်တဲ့ ကိုရီယားမင်းသားနဲ့ အတော်တူတာပဲ။ ဒီမှာပဲ သင်တန်းတက် နေတာဖြစ်နိုင်တယ်။"
ထိုသို့တွေးမိသော အတွေးနှင့်အတူ သူ့ပုံရိပ်သည် သူမအား နောက်တစ်ကြိမ် ဆုံနိုင်ခွင့်ကို မျှော်ရင်း လွှမ်းမိုးထားတော့သည်။ မိနစ်ပိုင်းသာရှိသော ထိုခဏတွင် သူ့ကိုရော သူ့ကားကိုရော သူဆေးလိပ် ရပ်သောက်သည့် ထိုနေရာလေးကိုရော အားလုံးကို သူမ မှတ်မိနေသည်။ နောက်နေ့မနက် သင်တန်းတက်ရန် နိုးထလာချိန်မှစ၍ သူမရင်ခုန်သံ Abnormal ဖြစ်ခဲ့သည်။ သူမ ကိုယ်တိုင်သည်လည်း ဒီရင်ခုန်သံကို ပြန်ငုံ့ကြည့်ရန် အဆင်သင့် အနေအထားတွင် ရှိနှင့်ပြီးသားဖြစ်သည်။
(၂)
အတန်းဆင်းလို့ လမ်းထောင့်ကို (ဗိုလ်အောင်ကျော်လမ်းနှင့် ကမ်းနားလမ်းထောင့်ကို) တံခါးဝမှ လှမ်းကြည့်လိုက်ရင်ပဲ သူ့ကို မြင်ရပါသည်။ သူသည် စီးကရက်ကို အလွန်ကြိုက်ပုံရသည်။ အတန်းမတက်မီ ဇိမ်ပြေနပြေသောက်နေတာများ။ သူမ သည်လည်း သူ့အား အလွန်နှစ်သက်မြတ်နိုးမိနေပြီဖြစ်သည်။ ဒီလောက် စီးကရက် ၊ ဆေးလိပ်သောက်ခြင်း ကိုမုန်းသောသူမက သူ့အားဒီအချိန် ခိုးခိုးကြည့်၍ ရင်ခုန်နေသည်ဆိုသည်မှာ တော်ရုံတန်ရုံ စွဲလမ်းမှူတော့ မဟုတ်ပါ။ ဒီလိုနှင့်သင်တန်းရက်တိုင်း သူမကပဲ သတိထားကြည့်မိလို့လားမသိ တစ်ရက်မှမပျက်ပဲ ကိုရွှေမင်းသားကို ဖူးမြော်ရပါသည်။ တစ်ခါတစ်လေ ကားထဲမှာ တိတ်တိတ်လေး ထိုင်ကာ သူ သင်တန်းဘက်ဆီကို လျှောက်သွားသည် အထိ ကားမထွက်ပဲ မိန်းကလေး တန်မဲ့ လိုက်ငမ်းမိပါသည်။ ရံဖန်ရံခါ မျက်လုံးချင်းဆုံကာ ရင်ခုန်သံချင်း အပေးအယူ လုပ်ခဲ့ပါသေးသည်။ ကိုယ်တော်သည် မိန်းကလေးက မစမချင်း စမည့်ပုံမပေါ်ပါ။ တည်ကြည်လွန်းနေတာပဲလား ၊ ဒါမှမဟုတ် ကြောက်တတ်လွန်းတာပဲလား မပြောတတ်။ သို့ပေမယ့် သူ့မျက်လုံးများသည် ထူးခြားစွာ လင်းလက်၍ သူလည်းပဲ ဂနာမငြိမ် ဟိုလှည့်ဒီလှည့်နှင့် သူမအားခိုးခိုး ကြည့်နေသည်မှာ ထင်ရှားပါသည်။ အမှတ်မထင် သူ့အလှည့်နှင့် သူမအကြည့်များဆုံရင် နှစ်ယောက်သား ရှိုးတိုးရှန့်တံ့ ပြုံးမိကြသေးသည်။ ပြုံးပြသည် ဟူ၍လည်း မဟုတ်။ ရီတော့ ရီရပါသည်။
သင်တန်းကာလမှာ သိပ်ကြာရှည်လှသည် မဟုတ်ပါ။ ဘယ်အတွက်ကြောင့်များ သူမကို ညင်းဆဲထားသည်မသိ။ သူမမှာ နဂိုထဲက စောင့်စားရခြင်း မျှော်လင့်ရခြင်းတွေကို စိတ်ရှည်သည်းခံတတ်သူ မဟုတ်။ ခုဆို ပိုဆိုးပြီ။ သူမ တစ်ခါမှ ဒီလို လူတစ်ယောက်အပေါ် မစွဲလမ်းခဲ့ဖူးပါ။ သူမ အတွက်ကသေချာနေပြီ။ သူ့အား တိတ်တခိုး ရိုးသားစွာ ချစ်မိနေပါပြီ။ သူလည်းပဲ သူမအား စိတ်ဝင်စားနေသည်ဆိုမှာ မိန်းကလေးတို့သဘာဝ ရိပ်မိသိရှိထားပြီး ဖြစ်သည်။ သူမ၏ တင်းမာခက်ထန်သော မျက်နှာကြောများကိုလည်း သူနှင့်တွေ့လျှင် တတ်နိုင်သမျှရှော့ချထားသည်။ သူမဘက်မှ ဒီထက်ပို၍ ဘာများ လုပ်နိုင်ဦးမည်နည်း။ သူမ သေချာအောင် တစ်နေ့သူမ၏ ကားကို ရပ်နေကြနေရာများတွင် မရပ်ပဲနှင့် ဆိပ်ကမ်းသာလမ်း (လွစ်လမ်း) တွင်ရပ်၍ သူကိုစောင့်ကာ သူမမြင်အောင် ခိုးကြည့်ဖူးပါသည်။ ထိုနေ့က သူ ဗိုလ်အောင်ကျော်လမ်းထိပ် တစ်လျှောက် သူမကားရပ်နေကျနေရာမှ ကားတွေကိုသေချာကြည့်ကာ စီးကရက်ပင် တစ်လိပ်မှ မဖွာပဲ သင်တန်းပေါ်ပြေးတက်သွားသည်ကို ရင်ခုန်လှိုက်ဖိုစွာ ကြည့်ရင်း ကြည်နူးပီတိဖြစ်ရပါသည်။
"သေချာပါတယ် သူ ငါ့ကားမရှိလို့ တက်သွားတာ။ ဒါဆို အရင်က တမင် တဝဲလည်လည် လုပ်နေတာပဲ ဖြစ်မယ်"
သူမမှာ ဘယ်လိုလုပ်ရမှန်း မသိအောင် ဦးနှောက်ခြောက်နေပြီ။ သူမကပဲ စ၍ ပြောရတော့မလား။ ဖုန်းနံပါတ်လေး သင်တန်း အကြောင်းလေးများ လာမေးပါတော့လားကွယ်။ စိတ်မရှည်ခြင်းများစွာနှင့် နွေရာသီ၏ ပူအိုက်ခြင်းနှင့်အတူ သူမ၏စိတ်တွေလဲ အလိုမကျခြင်းတွေ ဖြစ်ရပါတော့သည်။
(၃)
ထိုနေ့က သင်တန်းမှ ထွက်လာတော့ အပြင်မှာ မိုးတွေ သည်းကြီးမည်းကြီး ရွာနေသည်။ နွေရာသီတွင် အမှတ်မထင် ရွာချလိုက်သော မိုးကြောင့် လမ်းပေါ်တွင်လူရှင်းနေသည်။ ပြေးသောသူများကလည်း နီးစပ်ရာ အမိုးအောက် သင်တန်း အတွင်း စသည်ဖြင့် ပြေးလွှား ဝင်ရောက် မိုးခိုနေကြသည်။ သူမ အတွက်ကတော့ မိုးသည် သူမနှင့် သူမ မင်းသားတို့ တွေ့ဆုံခြင်းကို တားဆီးလေပြီ ဟုထင်မိသည်။ သို့နှင့် သူ မရှိသော လမ်းထောင့်လေးကို ငေးရင်း ကားဆီသို့ စာအုပ်မိုးကာ ပြေးလာလိုက်သည်။ ကားထဲတွင် ထီးအမြဲထည့်ထားပေမယ့် သင်တန်းအတက်တုန်းက မိုးမရွာလို့ ထားခဲ့သည်။
ကားပေါ်ရောက်လျှင်ဖြင့် မိုးအား အလိုမကျစွာ ကြည့်ရင်း စိုရွှဲနေသော မိမိကိုယ်ကို လက်ဖြင့် သပ်နေရသောကြောင့် ကားချက်ချင်း မထွက်ဖြစ်ပေ။
“ဒီအချိန်လေးမှာ သူနှင့်တွေ့နေကြ၊ ခုတော့ မိုးကရွာတော့ ဒီနေ့အဖို့ သူမ လွမ်းရပေတော့မည်”
ဟုတွေးရင်း အလိုလို ဆွေးမိသည်။ ထို့ဖြင့် ကားထွက်ရန် ခေါင်းမော့ကာ ဘေးဘီ ဝဲကြည့်လိုက်သည်တွင်
"အလို ကိုယ်တော်လေးပါလား မတွေ့တော့ဘူးထင်တာ။"
"ဒီမှာ ဒီမှာ သင်တန်းတတ်မို့မလား ပြေးရင် စိုရွှဲပြီး အထဲမှာလဲ Aircon နဲ့အရမ်းချမ်းနေလိမ့် မယ်၊ ကျွန်မ ထီးယူသွားပါ။"
သူမ အပြေးလိုက်ကာ ခေါ်ရင်း သူမ၏ မင်းသားအား မိုးစက်တို့ ထံမှ ကာကွယ်လိုက်ရင်း ပြောလိုက်ခြင်း ဖြစ်သည်။ သူ ၊ သူမ တို့နှစ်သား ထီးတစ်ချောင်းအောက် တွင်နီးကပ်စွာ ရပ်နေချိန်တွင် သူ့နှုတ်ဖြားတွေ စွံ့အ နေသကဲ့သို့ သူမသည် လဲ အတန်ငယ် တိတ်ဆိတ် သွားခဲ့ သည်။ ထို့နောက် သူက
"ဟို.... ရပါတယ်ခင်ဗျာ အားနာစရာ ကျွန်တော် မယူတော့ပါဘူး။"
ဟု ချစ်စဖွယ် ငြင်းဆိုသည်။ သို့ဖြင့် “ယူပါ ၊ မယူပါရစေနှင် “့ တို့ အသွားအပြန် လုပ်နေချိန်တွင် သူသည် ခဏတာ တွေဝေ သွားပြီး ရုတ်တရက် ဘာကို သဘောပေါက်သွားသည် မသိ
"ဒါဆို.. ကျွန်တော် ..နောက်နေ့မှ ပြန်ပေးမယ်နော်"
ဟုဆိုကာ သူမ ထီးကို ယူ၍ ပြေးလေသည်။ ထီးပါသည် ကိုပင် သူမနှင့် တော်တော် လှမ်းသည်အထိ အလောတကော ရှက်ကိုးရှက်ကန်း ပြေးသွားသော သူ့ ကိုကြည့်၍ သူမ ပြုံးမိလေသည်။
"ဟွန်း သူကပဲ ရှက်ရတယ် ရှိသေးတော်။ ဒီက မိန်းကလေးကို ပြီးတော့ ကားပေါ်တောင် ထီးလေး မိုးလို့ ပြန်လိုက်ပို့မသွားဘူး။ ကိုရွှေထုံရယ်"
ဟု ရေရွတ်ကာ သူလမ်းလေး ချိုးလို့ပျောက်ကွယ် သွားသည် အထိ မမှိတ်မသုံ ရပ်ကြည့်နေမိသည်။ ကြည်ပြာရောင် ကောင်းကင်အောက် အမြဲတွေ့နေရသော သူမ၏ ရွှေမင်းသားအား သဘာဝ တရားက ထိုကောင်းကင်ကို မပေးသောအခါ သူမက မိုးလို့ပေးလိုက်ပါသည်။ ခုတော့ သူမ ၏ ထီးပြာပြာ အမိုးအောက်တွင် သူသည် မိုးစက်တို့ရန်မှ ကင်းဝေး၍ အေးချမ်းတည်ငြိမ်စွာ ဣဒြေ္နရှိရှိ လှမ်းလျှောက်သွားသည် မှာ သူမ ဘဝင် အေးမြလှသည်။ ဘဝင်တင်မဟုတ် လူကိုယ်တိုင်ပင် အတော်အေးလှပြီ။ သူမရပ် ကြည့်နေသည်မှာ မိုးစက်တို့ အောက်တွင် ဖြစ်၍ ကားဆီသို့ အမြန်ပြန်လာခဲ့သည်။
လူတွေ ဒီမိုးကို "သင်္ကြန်မိုး" လို့ သတ်မှတ်ချင် သတ်မှတ်ပေလိမ့် မည်။ သူမ အတွက် တော့ "မြားနတ်မောင် မိုး" ဟု သတ်မှတ်ထားပါသည်။ သူ့ ရင်ခုန်သံ ကို သူမ ကြားသလို ဘာသာပြန် ကြည့်သည်။ သူမ တို့ ရင်ခုန်သံ တွေ ထပ်တူညီ သည်ဟု သူ့ မျက်လုံးကို သက်သေတည် ကာ မှတ်ချက်ချ မိသည်။

သူမ စိတ်ကူးယဉ်ကြည့်သည် သူ ထီးကို ပြန်လာပေး လျှင် ဘာတွေ ပြောကြမည်။ သူ့ အတွက် ရေလာမြောင်းပေး လုပ်ပေးထားသလိုများ ဖြစ်နေမလား။ အမှန်တော့ ဟုတ်ပါသည်၊ သူမ ဒီမျှ လမ်းခင်းပေးထားမှ ပဲ သူ့ လို လူအ လေး အတွက် အဆင်ပြေ ပါလိမ့်မည်။ သင်တန်း ဖြစ်သည့် အတွက် တစ်ပတ် ခုနှစ်ရက်တက်ရခြင်း မဟုတ်ပေ။ သူမ မှာ သင်တန်း မတက်ရ သောနေ့များတွင် သူနှင့် ခဏတာ နီးစပ်ခဲ့ သော အချိန်လေး ကို ပြန်လှန် စဉ်းစား သည့် အလုပ် တစ်ခုကိုသာ ဖြစ်ဖြစ်မြောက်မြောက် လုပ်ဖြစ်သည်။
(၄)
သူမ ဒီနေ့ တစ်နေ့လုံး ဘယ်မှသွားစရာမရှိပါ။ အရင် သူနှင့် မတွေ့ခင် သူမ ပျင်းရင် ဘာလုပ်ပါသလဲ။ သင်တန်းပိတ်ရက်တွေ သူမ ဘာလုပ်ပါသလဲ။ ဘယ်တွေကို သွားလို့ ဘယ်သူတွေနဲ့ တွေ့ပါသလဲ။ တစ်နေ့တစ်နေ့ နှစ်ဆယ့်လေးနာရီကို သူမ ဘယ်လို ကုန်ဆုံး စေပါသလဲ။ သူမ ဘာကိုမှ မမှတ်မိတော့ပါ။ သည်းမခံနိုင်တော့သည့် အဆုံး သူမ အပြင်သို့ ထွက်ခဲ့ ပါသည်။ သူမ ဦးတည်ရာ သည် သင်တန်းတည်ရှိရာ သို့ဖြစ်ပါသည်။ ဒီနေ့ သူမတို့ သင်တန်းချိန် မရှိပါ။ ဒါပေမယ့် သူမ ရည်ရွယ်ချက်က Library တွင် စာအုပ် ဖတ်ရန်ဖြစ်ပါသည်။ သူမ အတွေးက သူ့သင်တန်းတက်ရက် နှင့် သူမသင်တန်းတက်ရက် အားလုံး မတူနိုင်ပါ။ သူမ သင်တန်းတက် တဲ့နေ့တိုင်း သူ့ကိုတွေ့ရပါသည်။ သူလာသည့် အချိန်သည် သူမ အတန်း ပြီး ချိန်ဖြစ်သည်။ ထို့ကြောင့် အရင်က သူဘာတန်း တက်တာလဲ သိချင်စိတ်ဖြင့် သူမ အတန်းချိန်တွေ ကြည့်ဖူးသည်။ တချို့နေ့များတွင် သိသိသာသာ သူမ အတန်းဆင်းချိန်ပြီးလျှင် မည်သည့် အတန်းမှ မရှိတော့။ ထို့ကြောင့် သူမ ထင်မိသည်မှာ သူ့အတန်း ချိန် အပြင် သူမ ရှိ၍ ဒီသင်တန်းသို့ တခြားရက်တွေကိုပါ သူလာခြင်းဖြစ်နိုင်သည်။ ဒီနေ့ သူမ ကံကောင်းလျှင် သူ့အား တွေ့ချင်တွေ့နိုင်သည်။မတွေ့ရင်လည်း အနည်းဆုံး စိတ်ပြေလက်ပျောက် အလွမ်းဖြေ နိုင်သည်။ သူမ အတွက် အရာရာသည် အကောင်းအတိုင်း အရှိအတိုင်း လှပနေသည်။ ကြည်လင်သော ကောင်းကင်ကိုမော့၍ သူမ ပြုံးပြမိသည်။ ကောင်းကင် ကြီးလဲ သူ့ဘာသာသူ သူမ အပြုံးကို ဘာသာ ပြန်ပါလိမ့်မည်။
သူမ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် စိတ်အေးလက်အေး ဖတ်နေသည်မှာ လေးနာရီ လောက် ကြာသွားပြီ ဖြစ်သည်။ မနက်ထဲမှ ထွက်လာ၍ နေ့လည်စာချိန် တောင်လွန်နေပြီ။ ဖုန်းထုတ်၍ ကြည့်မိသောအခါ သူမ အိမ်မှ အကြိမ်ကြိမ် ခေါ်ထားသည့် missed call များတွေ့ရသည်။ ( Library ထဲတွင် ဖုန်းကို အသံပိတ်ထားရသဖြင့် သူမ သတိမထားမိခဲ့။)
“အပြင်မှာ မိုးတွေရွာနေပါလား။”
သူမ တွင် ထီးမရှိ။ သို့သော် ပြန်မှဖြစ်မည်။ သူမ အလျှင်စလိုပင် အပြင်ဘက်တွင် အပ်ခဲ့သော ပစ္စည်းများ ရွေးကာ ထွက်ခဲ့သည်။ အမှတ်မထင် တံခါးဝတွင် သူမ၏ ထီးပြာပြာ။
“ဟယ် သူရှိတယ်။ အတော်ပဲ မိုးရွာနေတာနဲ့”
သူမ အပြေးကလေး ထွက်လာမိသည်။ ဗိုလ်အောင်ကျော်လမ်းဘက်သို့ ပင်ဦးတည်၍ သူမ၏ မင်းသားကို ရှာနေမိသည်။
“တွေ့လိုက်ပါတယ် ဘယ် ရောက်သွားပါလိမ့်”

သူမ တိတ်တခိုး ဝင်ရောက်၍ သူ၏ ရင်ခုန်သံကို မတူညီသော ဘာသာစကားနှင့် ဘာသာပြန်မိခဲ့သည်။
ပုံကို ဤနေရာ မှ ယူပါသည် ။
No comments:
Post a Comment